Sunday 19 August 2012

နိုင်ငံခြားသားများမြန်မာစကားအသံထွက်လွယ်စေမယ့် MMSpeaker

3133-mmspeaker-01
နိုင်ငံခြားသားများအနေဖြင့် မြန်မာအမည်များအား English လို စာလုံးပေါင်း၍ application အတွင်းသို့ ရိုက်ထည့်လိုက်ရုံဖြင့် မြန်မာအသံထွက်ကို ကြားရနိုင်စေမယ့် MM Speaker ဟု အမည်ပေးထားသော iPhone / iPad App တစ်ခုကို စင်္ကာပူနိုင်ငံရောက် မြန်မာလူငယ် နှစ်ဦးက ရေးသား ထုတ်လုပ်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ App ကို စင်္ကာပူနိုင်ငံ Nanyang Technologyical University တွင် Electrical and Electronic Engineering (InfoCom) ဘာသာရပ်ဖြင့် တက်ရောက် ပညာသင်ကြားနေသော ကိုခန့်သူလင်းနှင့် Kenwood Electronics Technologies (S) Pte. Ltd. တွင် Software Engineering Assistant အဖြစ် တာဝန် ထမ်းဆောင်နေသော မယမင်းဥမ္မာတို့ နှစ်ဦး ပူးတွဲ တည်ထောင်ထားသည့် K & Y Innovation မှ ရေးသား ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

3133-mmspeaker-02
ယင်း app တွင် dialogue နှင့် pronouncer ဟူ၍ အပိုင်း ၂ ပိုင်းပါဝင်ပြီး dialogue အပိုင်းတွင် နှုတ်ခွန်း ဆက်သမှုများ၊ ကိန်းဂဏန်း ရေတွက်ပုံများ၊ အချိန်နှင့် နေ့ရက်များ၊ နေရာများနှင့် လမ်းညွှန်မှုများ၊ စားသောက်ဆိုင်တွင် ဖြစ်စေ၊ ဈေးဝယ် ထွက်ရာတွင် ဖြစ်စေ၊ ဟိုတယ် အခန်းငှားရာတွင် ဖြစ်စေ အသုံးပြုနိုင်သော အသုံးအနှုန်းများ၊ ကျန်းမာရေး အခြေအနေ၊ အရေးပေါ် ကိစ္စများနှင့် စိတ်ခံစားမှု များကို ဖော်ပြရာတွင် အသုံးပြုနိုင်သော အသုံးအနှုန်းများ ဟူ၍ ကဏ္ဍ ၁၀ ခု ပါဝင်သည်။ Pronouncer အပိုင်းတွင်မူ မြန်မာ နာမည်အား အင်္ဂလိပ်လို ရိုက်ထည့်၍ မြန်မာလို ကြားရမယ့် စနစ်ပါရှိကာ အထူးသဖြင့် နိုင်ငံခြားသားများ မြန်မာနာမည်များကို ပီပီသသ ခေါ်ဆိုရန် လိုအပ် လာသောအခါ ကိုယ်တိုင် သင်ယူနိုင်မယ့် စနစ်ဖြစ်ကြောင်း သိရသည်။
3133-mmspeaker-033133-mmspeaker-04
အချိန် ၁ နှစ်ကျော်ကြာ ရေးသားလာခဲ့သော PC version ဖြစ်သည့် Myanmar Text To Speech (MTTS) အပေါ် အခြေခံ၍ မြန်မာအမည် များကို ဦးစားပေး၍ အချိန် ၂ လကျော်ယူကာ MMSpeaker app ကို ရေးသားခဲ့ခြင်း ဖြစ်ကြောင်း၊ အသုံးပြုသူများ၏ အကြံပြုချက်များအပေါ် မူတည်၍ နောက်ထပ် version များကို ကောင်းသထက် ကောင်းအောင် ပြုလုပ် သွားမည် ဟုလည်း ကိုခန့်သူလင်းက ရွှေလုံးမှ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
MMSpeaker App အား iOS 5.1 နှင့်အထက် ထည့်သွင်း အသုံးပြုထားသည့် iPhone 3GS၊ iPhone 4၊ iPhone 4S၊ iPad၊ iPod Touch (3rd Generation) နှင့် iPod Touch (4th Generation) များပေါ်တွင် အသုံးပြုနိုင်ပြီး ယခုအခါ iTune Store ၏ Education ကဏ္ဍ အောက်တွင် ရှာဖွေ ရယူနိုင်ကာ အမေရိကန် ဒေါ်လာ ၀.၉၉ ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ အချိန်တွင် အခြား market / store များတွင် ရယူနိုင်ခြင်း မရှိသေးကြောင်း၊ Android version ကိုလည်း ရေးသား ထုတ်လုပ်သွားရန် အစီအစဉ် ရှိသော်လည်း လာမည့် လေးလအတွင်းတွင် ထွက်ရှိလာဦးမယ် မဟုတ်ကြောင်း ကိုခန့်သူလင်းက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူရဲ့ Thank ဆိုသော စကားတစ်ခွန်းသည် နောက်ထပ်ပို့စ် တစ်ခုရေးရန်အတွက် အားဆေးတစ်ခွက် ဖြစ်ပါသည် .. ခင်မင်လေးစားစွာဖြင့် ..လေလွင့်နေသူ